International News

COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကို လျှော့ချနိုင်ရန်အတွက် စင်ကာပူရှိ လုပ်ငန်းခွင်များရပ်ဆိုင်းရမည်

Last Updated:

ပြည်တွင်း၌ COVID - 19 ရောဂါကူးစက်ပြန့်ပွားမှု မြင့်တက်လာသည့်အခြေအနေကို လျှော့ချနိုင်ရန် လက်ရှိကျင့်သုံးနေသည့် Safe Distancing အစီအမံအား ပိုမို တင်းကျပ်၍ ကိုင်တွယ်ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ၃ - ၄ - ၂၀၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။ ယင်းအစီအမံအရ ပြည်သူ များ၏ နေ့စဉ်ဘဝအတွက် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုလုပ်ငန်းများနှင့် ၎င်းလုပ်ငန်းများ လည်ပတ်လုပ်ကိုင်နိုင်ရန်အတွက် ပံ့ပိုးပေးနေရသည့်လုပ်ငန်းများမှ လွှဲ၍ အခြားလုပ်ငန်းများ၏ လုပ်ငန်းခွင်များကို ၇ - ၄ - ၂၀၂၀ ရက်နေ့မှ ၄ - ၅ - ၂၀၂၀ ရက်နေ့အထိ ရပ်နားထားရမည်ဖြစ်ကြောင်း သိရှိရပါသည်။

ထိုသို့ လုပ်ငန်းခွင်များကို ရပ်ဆိုင်းရမည်ဖြစ်သော်လည်း တယ်လီဖုန်းဆက်သွယ်မှု သို့မဟုတ် အခြားနည်းလမ်းတစ်ခုခုဖြင့် ဝန်ထမ်းများက အိမ်မှဆောင်ရွက်ပေးနိုင် သောလုပ်ငန်းများဖြစ်ပါက ဆက်လက်လုပ်ကိုင်ဆောင်ရွက်နိုင်ကြောင်း၊ စားသောက်ကုန်လက်လီရောင်းချသည့် စူပါမတ်ကက်၊ စတိုးဆိုင်များ၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် စျေးများအပါအဝင် စားသောက်ကုန် ထုတ်လုပ်/ရောင်းချသည့်လုပ်ငန်းများနှင့် ဆေးဆိုင်များကို ဆက်လက်ဖွင့်လှစ် ဆောင်ရွက်ခွင့်ပြုမည် ဖြစ်ပါသည်။ သို့ရာတွင် စားသောက်ကုန်ရောင်းချသည့် စားသောက်ဆိုင်များ၊ Hawker Centres၊ ကော်ဖီဆိုင်၊ Food Courts များသည် စားသုံးသူများကို ဆိုင်တွင်း၌ စားသောက်ခွင့်မပြုဘဲ ပါဆယ်စနစ်နှင့် အိမ်အရောက် ပို့ဆောင်ပေးသည့် ဝန်​ဆောင်မှုစနစ်တို့ဖြင့်သာ ရောင်းချသွားရမည်ဖြစ်ပါသည်။

ဤအစီအမံအရ ပြည်သူများ၏ နေ့စဉ်ဘဝအတွက် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှု လုပ်ငန်းများစာရင်းတွင် စားသောက်ကုန်၊ စွမ်းအင်၊ ရေ၊ ပတ်ဝန်းကျင်၊ သန့်ရှင်းရေး၊ သယ်ယူပို့ဆောင်ရေးနှင့် သိုလှောင်ရေး၊ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ ဆောက်လုပ်ရေး၊ အဆောက်အဦ စီမံခန့်ခွဲမှု၊ အရေးကြီး​သော ပြည်သူပိုင် အခြေခံအဆောက်အအုံများ၊ ကုန်ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရေးလုပ်ငန်းများ၊ ဘဏ်နှင့်ငွေရေးကြေးရေး ဝန်ဆောင်မှု၊ ဥပဒေ အကျိုးဆောင်လုပ်ငန်းနှင့် ကားပြုပြုင်ရေး၊ ဆံပင်ညှပ်ဆိုင်ကဲ့သို့သော အခြားဝန်ဆောင်မှုလုပ်ငန်းကဏ္ဍများမှ လုပ်ငန်းများပါဝင်ကြောင်း၊ အဆိုပါ ဝန်ဆောင်မှု လုပ်ငန်းများသည်လည်း ၎င်းတို့၏ ဝန်ထမ်းများက တယ်လီဖုန်းဆက်သွယ်မှုဖြင့် အိမ်မှဆောင်ရွက်နိုင်သောအလုပ် တာဝန်များဖြစ်ပါက အိမ်မှသာ လုပ်ငန်း ဆောင်ရွက်သွားနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးရမည်ဖြစ်ပြီး၊ လုပ်ငန်းခွင်တွင် လူအချင်းအချင်း တွေ့ဆုံဆောင်ရွက်ရမှုများအား လျှော့ချနိုင်ရန် Safe Distancing အစီအမံကို တိကျစွာလိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ Media Release, Ministry of Trade & Industry, Singapore

Category: International News